Hero Image

နွေဦးတော်လှန်ရေး

မြန်မာ့သမိုင်းတွင် တတိယအကြိမ်မြောက် အာဏာသိမ်းမှု

ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၅

(ဤစာမျက်နှာပါ အချက်အလက်များမှာ ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၁ ခုနှစ် မှ ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၅ ထိ အချက်အလက်များဖြစ်ပါသည်)

မြန်မာနိုင်ငံတဝှမ်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြင်းထန်ဆိုးရွားစွာချိုးဖောက်နေသည့် အကြမ်း ဖက်စစ်တပ်က တိုင်းပြည်အာဏာကို လုယူထားသည်မှာ ယခုဆိုလျှင် လေးနှစ်ရှိလာပြီ ဖြစ်သည်။ ၂၀၀၀ ခုနှစ် မတ်လ စတင်တည်ထောင်ချိန်မှစ၍ အေအေပီပီသည် တရားလက်လွတ်ဖမ်းဆီး ထိန်းသိမ်းခံရခြင်းများနှင့်အတူ ၎င်းတို့နှင့် အဓိကဆက်စပ်သည့် အကြောင်းအရာများဖြစ်သော အကျဉ်းထောင်အခြေအနေများ၊ နိုင်ငံရေးအကျဉ်းသားများအပေါ် ပြုမူဆက်ဆံပုံများနှင့် စစ်အာဏာရှင်အဆက်ဆက်က ကျင့်သုံးခဲ့သည့် ဖိနှိပ်ချုပ်ချယ်သော တရားဥပဒေများ စသည်တို့ကို မှတ်တမ်းတင်ခြင်းများ လုပ်ဆောင်ခဲ့သည်။

အေအေပီပီအနေနှင့်လည်း လွန်ခဲ့သော လေးနှစ်တာကာလအတွင်း ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များကို စောင့်ကြည့်လေ့လာကာ စစ်တပ်က ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်များကို မှတ်တမ်းတင်လျက်ရှိသည်။

စစ်တပ်သည် ၎င်းတို့ကို ဆန့်ကျင်သော မည်သူကိုမဆို ရန်သူအဖြစ် မှတ်ယူကာ ၎င်းတို့ကို ဆန့်ကျင်သူ မှန်သမျှကို ချေမှုန်းဖျက်ဆီးပစ်မည်ဟု ကြွေးကြော်ထားသည်။ ထိုကဲ့သို့ ရက်စက်မှုမျိုးစုံကို လုပ်ဆောင်ရန် ပြည်သူများအတွက် ထိပ်လန့်ချောက်ချားမှုဖြစ်စေမည့် နည်းနာများကိုလည်း ဆိုးဆိုးရွားရွား အသုံးပြုလျက်ရှိနေသည်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ပို၍ပြင်းထန်လာပြီး ရက်စက်ကြမ်းကြုတ်သော နှိမ်နင်းဖြိုခွင်းမှုများမှာလည်း နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက်ရှိသည်။ အဆိုပါ ဖြိုခွင်းမှုများအတွင်း အပြစ်မဲ့ အရပ်သားများ မတရားသတ်ဖြတ်ခြင်းခံနေကြရသည်။

အာဏာသိမ်းချိန်မှစ၍ လေးနှစ်တာကာလအတွင်း အနည်းဆုံး အရပ်သားနှင့် ဒီမိုကရေစီရေးလှုပ်ရှားသူ [၆၂၃၉] ဦး အသတ်ခံခဲ့ရပြီးဖြစ်သည်။

.

အေအေပီပီသည် ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်တခုအဖြစ် ရပ်တည်ကာ နိုင်ငံရေးအကျဉ်းသားများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို အပတ်တကုတ်မှတ်တမ်းတင်ခြင်း၊ အရင်းခံကျသော စနစ်ဆိုင်ရာပြဿနာများကို ကိုင်တွယ်အဖြေရှာခြင်း၊ ထိရောက်သည့် ဖြေရှင်းနည်းများကို ဖော်ထုတ်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်လျက်ရှိသည်။

အေအေပီပီ၏ စဉ်ဆက်မပြတ် အားထုတ်မှုများမှတဆင့် အထူးသဖြင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်းကို ပြည်တွင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများအနေနှင့် ပိုမိုသိရှိနားလည်လာစေရန် ကြိုးပမ်းဆောင်ရွက်နေပါသည်။