အသက်အရွယ်အလိုက် ထိခိုက်ခံစားရသူများ
နစ်နာခံစားရသူများ/အသက်ရှင်သန်ကျန်ရစ်သူများအနက် အသက် ၁၈ နှစ်နှင့် ၄၄ နှစ်အကြား လူရွယ်ပိုင်း ပုဂ္ဂိုလ်တို့သည် အများဆုံးပစ်မှတ်ထား တိုက်ခိုက်ခံရနေသည်ကို တွေ့ရပြီး ၎င်းတို့မှာ လက်ရှိအကျပ်အတည်း၏ဒဏ်ကို အကြိတ်အနယ်ခံစားနေကြရသည်။ အကျိုးဆက်အားဖြင့် တိုင်းပြည်အနေနှင့် ထက်မြက်သော လူငယ်မျိုးဆက်သစ်များကို ဆုံးရှုံးနေရသည်။
သေဆုံးရသည့်အကြောင်းအရင်း
ပြစ်ဒဏ်မှကင်းလွတ်ခွင့်ရနေသော စစ်တပ်သည် တနိုင်ငံလုံးအတိုင်းအတာဖြင့် အရပ်သားများအပေါ် ကျယ်ကျယ်ပြန့်ပြန့် အကြမ်းဖက်မှုများကို ကျူးလွန်နေလျက်ရှိသည်။ သေဆုံးမှုအများစုသည် အဓိကအားဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများဖြစ်ပွားနေသော ကနဦးကာလအတွင်း လက်နက်မဲ့ အရပ်သားများကို ပစ်မှတ်ထား ပစ်ခတ်ခံရသောကြောင့် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ပြီး၊ ထိုသေဆုံးသူတို့၏ လေးပုံတပုံနီးပါးသည် ၎င်းတို့၏ ဦးခေါင်းကို တမင်ရည်ရွယ်၍ ပစ်ခတ်ခြင်း ခံခဲ့ရသည်။ ထို့အပြင် ထိခိုက်သေဆုံးမှုများကို ဖြစ်ပွားစေသည့် နောက်ထပ် သိသာထင်ရှားသော အကြောင်းအရင်းတခုမှာ အရပ်သားလူနေရပ်ကွက်များကို စစ်ဖက်၊ အရပ်ဖက် ပစ်မှတ်မခွဲခြားဘဲ လက်နက်ကြီးများနှင့် လေကြောင်းမှတဆင့် တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့၍ဖြစ်သည်။
စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံရသည့်သူများ၏ သုံးပုံ တစ်ပုံသည် ဖမ်းဆီးထိန်းသိမ်းခံရစဉ် အသက်ဆုံးရှုံးခဲ့ကြရသည်။ ၎င်းတို့အပေါ် ကျူးလွန်ခဲ့သော အကြမ်းဖက်မှုများတွင် ဖမ်းဆီးပြီးနောက် ချက်ချင်းဆိုသလို ညှဉ်းပန်းနှိပ်စက်ခြင်းများ ပါဝင်ပြီး တခါတရံတွင် ၎င်းတို့၏ မိသားစုဝင်များအရှေ့တွင် လုပ်ဆောင်ခဲ့သည်။ ထို့အပြင် စစ်တပ်သည် ဖမ်းဆီးထိန်းသိမ်းခံရသူများအား သတ်ဖြတ်ခြင်း၊ ဆေးဝါးကုသမှု မပေးခြင်း၊ ကျားမအခြေပြု အကြမ်းဖက်ခြင်း၊ လူမဆန်စွာ ပြုမူဆက်ဆံမှုတို့အပြင် အလောင်းများကို မီးရှို့ခြင်းနှင့်အတူ အခြားသော အကြမ်းဖက်လုပ်ရပ်များ ပါဝင်ကြသည်။